ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် မိုးသီးနှံ ပဲတီစိမ်းကို သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

ပွင့်ဖြူ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုးခြင်းကို စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် နှစ်စဉ် အားထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးသီးနှံတွင်လည်း ဒေသခံတောင်သူများက လျာထားဧက ပြည့်မီရေးအတွက် မေလအတွင်းက ရွာသွန်းခဲ့သည့် မိုးဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စိုက်ဧက ၄၃၄၃ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက မေလအတွင်း ရွာသွန်းခဲ့သော မိုးဖြင့် စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးဧက ၅၆၃၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်၍ "ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ပဲတီစိမ်းသီးနှံစိုက်ပျိုးမှုကို တစ်မြို့နယ်လုံး စိုက်ဧက ၄၃၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ မိုးသီးနှံပဲတီစိမ်း စိုက်ပျိုးခြင်းကို မေလဆန်းက ရွာသွန်းခဲ့တဲ့ မိုးနဲ့ ဒေသခံတောင်သူတွေ စတင်စိုက်ပျိုးခဲ့လို့ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးဧက ၅၆၃၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် သတ်မှတ်လျာထားဧကထက်ကို ပိုမို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေကိုလည်း သီးနှံအထွက်နှုန်းတွေ ကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို စနစ်တကျ လိုက်နာကျင့်သုံးဆောင်ရွက်ကြဖို့  တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး ပဲတီစိမ်းသီးနှံဟာ ပွင့်ဖြူမြို့နယ်ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အပြင် ဈေးကွက်လည်းရှိတာကြောင့် ဒေသခံတောင်သူများ နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီမှာ အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံနှင့် အခြား ပဲသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၈၄၅၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ ပဲမျိုးစုံသီးနှံစိုက်ဧက ၅၉၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)