အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပေါက်ခေါင်း ဇွန် ၁၅

ပေါက်ခေါင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ပေါက်ခေါင်း) တွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ လေ့လာနိုင်ရန်နှင့် ရုံးစာကြည့်တိုက်သို့ စာအုပ်များငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် မူးယစ်‌ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များနှင့် ရှောင်ရှားသင့်သည်များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းနှင့် ကွမ်းစားခြင်းတို့ကြောင့် ကင်ဆာရောဂါများဖြစ်ပွားပုံ အကြောင်းအရာပါ နံရံကပ်စာစောင်များ ပြသပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်