လက်ပံတန်းမြို့၌ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ

လက်ပံတန်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်း၊ ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Talk Show အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် လူသားတိုင်း သတိပြုလိုက်နာဆင်ခြင်သင့်သည့် အချက်များကို အနာဂတ်လူငယ်တွေ သိရှိထိန်းသိမ်းနိုင်ကြစေရန်ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးအသိပညာပေး Talk Show ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာ မြင့်သိန်းရွှေတောင် (ချည်/ထည်/ချော) က လူ့ဘောင်လောကကြီး တိုးတက်သည်ထက် တိုးတက်လာသည်နှင့်အမျှ လူသားများကြောင့်ပဲ သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးလာရခြင်းဖြစ်ကြောင်း၊ သစ်တော သစ်ပင်တွေပြုန်းတီးမှု၊ ဓာတုပစ္စည်းတွေ အဆမတန်သုံးစွဲမှု၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ကြောင့် ပျက်စီးယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်ကို ပို၍မပျက်စီးအောင်၊ လှပသာယာလာအောင် ထိန်းသိမ်းဖို့လိုကြောင်း၊ မိမိတို့ရဲ့ စား၊ ဝတ်၊ နေရေးကို ဖြည့်ဆည်းပေးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ဖို့လိုကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အထက-၃ Grade 10 မှ မောင်ရှိုင်းလင်းထက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကိုရှောင်ကြဉ်ပြီး ရာသီဥတုမျှတစေရန် သစ်ပင်စိုက်ပျိုးရေး၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး၊ ရေကိုချွေတာသုံးစွဲရေးနှင့် လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲရေး အလေ့အကျင့်ကောင်း လေ့ကျင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆွေးနွေးပြီး၊ အထက-၃ Grade 10 မှ မငွေစင်သွန်းကလူတွေကိုအကျိုးပြုနေတဲ့ သဘာဝပတ်ဝန်းကျင်ကို လူသားတွေကပဲ ဖျက်စီးသလိုဖြစ်ပြီး ဆိုးကျိုးများခံစားရသည်ကို လူငယ်လူရွယ်တွေ သင်ခန်းစာယူပြီး ပို၍ မပျက်စီးအောင်၊ ပြန်လည်ကောင်းမွန်လာအောင် တစ်တပ်တစ်အားတက်ကြွစွာ ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း​ ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာ အလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)