တမူး ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိဒေသခံပြည်သူအများစုသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကိုလယ်မြေ၊ ယာမြေများနှင့်မိမိတို့၏ အိမ်ဝန်းများတွင် စိုက်ပျိုးကြရာယခုနှစ် မိုးရာသီကာလတွင်လည်း စပါးအပါအဝင် သီးနှံမျိုးစုံ (၅၈၃၁၀) ဧကစိုက်ပျိုးရန်လျာထား ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် စပါး (၄၉၄၇၂) ဧက ၊ဖူးစားပြောင်း (၁၄၀၂) ဧက၊ စက်မှုသီးနှံ (၇၈၆) ဧက၊ကွမ်း (၃၁) ဧက၊ ဟင်းခတ်အမွှေးအကြိုင် (၂၇) ဧက၊အခြားစားသုံးသီးနှံ (၆၁၆၆) ဧကနှင့် အခြားမစားသုံးသီးနှံ (၄၂၆) ဧကစိုက်ပျိုးရန်လျာထား ထားပြီး ယနေ့အချိန်ထိ (၅၁၃၁) ဧကစိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း၊ လျာထားဧကပြည့်မှီစွာစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ်များမှန်ကန်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများကကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တမူးမြို့နယ်၌ ယခင်နှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် (၅၈၅၀၁) ဧကစိုက်ပျိုးရန်လျာထားခဲ့ပြီး (၅၇၁၁၆) ဧက စိုက်ပျိုးနိုင်ခဲ့၍ ၉၇.၆၃ ရာခိုင်နုန်းစိုက်ပျိုးနိုင်ခဲ့ကြောင်း ယခုနှစ်တွင် လျာထားဧကထက်ပိုမိုစိုက်ပျိုးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ရတနာ
တမူးခရိုင် (ပြန်/ဆက်)