ကန်ကြီးထောင့် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ မြို့မစည်ပင်သာယာဈေးသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဈေးသစ်ကြီးအား မေလ (၁၂)ရက်နေ့မှ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့မ စည်ပင်သာယာဈေးသည် ယခင် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မီးလောင်ကျွမ်း ခဲ့ပြီး ဈေးဆိုင်ခန်း (၁၉၃) ခန်းရှိသည့်အနက် (၁၇၅)ခန်း မှာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရသည်။ ယခုအခါ ယာယီဈေးအား ကမ်းနားလမ်းတံတားအနီးတွင် ယာယီဖွင့်လှစ်ရောင်းချလျက်ရှိကြသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သော ဈေးမြေနေရာတွင် ဈေးသူ၊ ဈေးသားများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ယခင်ဈေးနေရာတွင် မြေသားများ ထပ်မံမြှင့်တင်၍ ဈေးဆိုင်ခန်း(၁၇၅)ခန်းအား တင်ဒါခေါ်ယူ၍ ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းအား မေလ(၁၂) ရက်နေ့မှ စတင်၍ တည်ဆောက်လျက်ရှိရာ ပထမဦးစွာဈေးခေါင်းရုံးခန်း၊ မြေသား အဆင့်မြင့်တင်ခြင်း လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆိုင်ခန်းများအား အမျိုးအစား (၇)မျိုးခွဲ၍ အရစ်ကျစနစ်ဖြင့် ငွေပေးသွင်းရမည်ဖြစ်ပြီး အဆိုပါဈေး သစ်တည်ဆောက်ပြီးစီးရေးကာလအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)