ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေ စာရင်းဇယားများ စနစ်တကျ  ဖြည့်စွက်ရေးသွင်း၍ ထိန်းသိမ်းထားရှိရေးကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ စနစ်တကျ သုံးစွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းအသင်းသား၊ အသင်းသူများကို  စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းနှင့် အသက်မွေဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်ကြသည့် စီမံကိန်းဝင်အသင်းသားဦးရေ စုစုပေါင်း ၂၀၃ ဦးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၃၉ ဒသမ ၂ သန်းကို စနစ်တကျ ထုတ်ချေးပေးခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )