မိုးညိုမြို့ သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုး

မိုးညို ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးညိုမြို့အား "Clean City" "Green City"ဖြစ်စေရန် ရည်မှန်းလုပ်ဆောင်လျက်ရှိရာ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အရိပ်ရပင်များနှင့်ပန်းအလှပင်များကို စည်ပင်သာယာပန်းခြံရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်များဆောင်ရွက်ထားရှိပြီး လမ်းများအလိုက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မြို့အဝင်ကြိုဆိုပါ၏ဆိုင်းဘုတ်(၃)နေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ဗိုလ်နေဝင်းလမ်း၊ အနော်ရထာလမ်း၊ သူရလမ်း၊ စိန်ပန်းမြိုင်လမ်းမကြီးများတွင် အရိပ်ရပင်များဖြစ်သည့် ကံ့ကော်၊ ခရေ၊ စိန်တံချူ၊ သပြေဘူတ၊ ဂျပန်ချယ်ရီ၊ တည်ပင်၊ ပိတောက်၊ ငုချယ်ရီ၊ စိန်ပန်း၊ စည်သပြေ၊ မြေခွေးမြီး၊အုန်းပွား စသည့်အရိပ်ရပင်များ၊ ပန်းအလှပင်များဖြစ်သည့် နွယ်သာဂီ၊ ပန်းအိ၊ အေးပန်း၊ စက္ကူပန်း၊ ခိုင်ရွှေဝါ၊ ခရာဝါ၊ ကြံ့စာ၊ ကြေးညို၊ ကြေးစိမ်း၊ ဘိုကတော်၊ ကန်စွန်းပန်း စသည့်ပန်းအလှပင်များကို လမ်းဘေးဝဲ/ ယာများတွင်လှပအောင်စိုက်ပျိုးထားပြီး ယနေ့တွင် ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)ကျောင်းဘေး (ဗိုလ်တေဇ)လမ်းမကြီးတွင် စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ အမှုဆောင်အရာ ဒေါ်သက်သက်မာတို့က ဦး‌ဆောင်၍ စည်ပင်သာယာဝန်ထမ်းများက အရိပ်ရပင်နှင့်ပန်းအလှပင်များ စိုက်ပျိုးလျက်ရှိပြီးကျန်ရှိသော လမ်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ကိုမင်း(ပြန်/ ဆက်)