မကွေးမြို့ ကန်သာမင်္ဂလာကန်တော်၌ လာရောက်စိတ်အပန်းဖြေအနားယူကြသူများဖြင့် နေ့စဉ် စည်ကား

မကွေး ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကန်သာကန်ကြီးအား ပြည်သူများ စိတ်အပန်းဖြေအနားယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိရာ အားလပ်ချိန်များတွင် ဒေသခံပြည်သူများက လာရောက်စိတ်အပန်းဖြေ အနားယူကြသဖြင့် နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကန်သာကန်သည် ယခင်က မြေသားရေလှောင်ကန်ကြီးဖြစ်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများ အားလပ်ချိန်တွင် စိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရန်နှင့် ကျန်းမာရေးပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကန်သာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ကန်ပတ်လမ်း (၂)ခုပါရှိပြီး အောက်ဆင့်ကန်ပတ်လမ်းနှင့် အပေါ်ကန်ပတ်လမ်းအား Brick Block များဖြင့် လျှောက်လမ်းခင်းခြင်း၊ ကန်သာမင်္ဂလာကန်တော်အတွင်း ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် မြေကာနံရံတည်ဆောက်ခြင်း၊ မြက်များဖြင့် အလှဆင်ခြင်း၊ ဘောင်များတွင် လက်ရန်းများ တပ်ဆင်ခြင်း၊ ကန်၏ View Point ကြည့်မည့်နေရာများ ဆောက်လုပ်ခြင်းနှင့် Art Bridge များ တည်ဆောက်ခြင်းလုပ်ငန်းအပါအဝင် စုစုပေါင်း ဘက်စုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း (၁၆)ခုဖြင့် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြည်သူများ စိတ်အပန်းဖြေရာနေရာတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့်အတွက် အားလပ်ချိန်များ၌ ဒေသခံပြည်သူများက ကန်သာမင်္ဂလာကန်တော်ကြီးသို့ လာရောက်ပြီး ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ကန်တော်ကြီး အတွင်း မွေးမြူထားရှိသော ငါးများကို ကုသိုလ်ပြု ငါးစာများ ကျွေးမွေးခြင်းတို့ဖြင့် စိတ်အပန်းဖြေအနားယူကြလေ့ရှိသဖြင့် နေ့စဉ် စည်ကားလျက်ရှိနေကြောင်း သိရသည်။

“ကျွန်မတို့ မကွေးမြို့ရှိ ကန်သာကန်ကြီးက ယခင်က မြေသားမိုးရေလှောင်ကန်ကြီးတစ်ခုအဖြစ်သာ ရှိနေခဲ့ပြီး ယခုကတော့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံပြည်သူတွေကို အားလပ်ချိန်မှာ စိတ်အပန်းဖြေ အနားယူနိုင်ဖို့နဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ဖို့အတွက် စိတ်အပန်းဖြေစရာနေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းခဲ့လို့ ညနေပိုင်း အားလပ်ချိန်တွေမှာ လာရောက်အပန်းဖြေအနားယူကြတဲ့ ဒေသခံပြည်သူတွေနဲ့ နေ့စဉ် စည်ကားလျက်ရှိပါတယ်။ နောက်ပြီး ကန်သာမင်္ဂလာကန်တော်ကြီးမှာ ငါးတွေလဲ မွေးထားတာဖြစ်လို့ လာရောက် စိတ်အပန်းဖြေအနားယူကြတဲ့ ဒေသခံပြည်သူတွေဟာ ကန်ပတ်လည် လျှောက်လမ်းတွေမှာ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကန်အတွင်းရှိ မွေးမြူထားတဲ့ ငါးတွေကို ကုသိုလ်ပြု ငါးစာကျွေးမွေးကြပါတယ်။ ခုလို လာရောက်အပန်းဖြေတဲ့ ပြည်သူတွေများတော့ ကျွန်မတို့ ငါးစာ(ပေါင်မုန့်)ရောင်းချတဲ့ ဈေးသည်တွေလည်း ဈေးရောင်းကောင်းပြီး လုပ်ငန်းအဆင်ပြေပါတယ်" ဟု အဆိုပါ မကွေးမြို့၊ ကန်သာမင်္ဂလာကန်တော်အနီး ငါးစာ(ပေါင်မုန့်) လာရောက်ရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကန်သာကန်ကြီးအား ပြည်သူများ စိတ်အပန်းဖြေစရာနေရာ (ကန်သာမင်္ဂလာကန်တော်ကြီး)အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သဖြင့် အားလပ်ချိန်များ၌ ဒေသခံပြည်သူများက လာရောက်စိတ်အပန်းဖြေ အနားယူကြသူများ၍ ကန်တော်အနီးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာ အစားအစာ(မုန့်) ပြုလုပ်၍ ဈေးရောင်းကြသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များအတွက် စီးပွားရေးအခွင့်အလမ်းများ များစွာအကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)