မင်းဘူး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခ.လ.ရ ၈၈ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူလေးများအား ကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့သည်။
ရှေဦးစွာ ခ.လ.ရ ၈၈ အ.လ.က (ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးလူလှက မိမိတို့၏ ပညာရေးဌာနနှင့် ပြန်/ဆက် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးကဏ္ဍများ ဆွေးနွေးဟောပြောပေးရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်ကလေးများအား ကျောင်းစာများအပြင် အခြား ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလစသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းနှင့် သုံးစွဲမိပါက အန္တရာယ်ရှိပုံများ၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က ကျောင်းသားများ၏ ကျောင်းသင်ခန်းစာများအပြင် အခြားဗဟုသုတ ရရှိစေမည့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း စသော စာအုပ်၊ စာပေများလည်း များများဖတ်ရှု ပေးစေလိုကြောင်းနှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က စားသောက်ကုန်ပစ္စည်းပေါ်မှ ကုန်ညွှန်းအမှတ်အသား၊ ထုတ်လုပ်သည့် ရက်စွဲ၊ စားသုံးရန် သင့်၊ မသင့်နှင့် စားသုံးသည့် စားသောက်ကုန်ပစ္စည်းများ၏ ရရှိလာမည့် အကျိုးအပြစ်များကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)