ဓနုဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဓနုဖြူ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.မ.က(စျေးပိုင်း) ကျောင်းနှင့် အောင်ချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်မြဝင်းနုက သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရခြင်း၏အကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေသည့် ခြင်အမျိုးအစားများ အကြောင်း၊ ခြင်ပေါက်ဖွားပုံ အဆင်ဆင့်ဖြစ်သည့် (ခြင်ဉ၊ ပိုးလောက်လမ်း၊ ပိုးရုပ်ဖုံး၊ သက်ကြီး ကောင်) ဖြစ်စဥ်သည် (၇)ရက်မှ (၁၀)ရက်ခန့် အထိသာကြာမြင့်သည့်အတွက် ပေါက်ဖွားမှုနှုန်း မြန်ဆန်ကြောင်း၊ ခြင်ကောင်ဖြစ်မှနှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင် နှိမ်နင်းခြင်းက ပိုမို ထိရောက်နိုင်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်ပွားနိုင်ပြီး အသက်(၁၅)နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားနိုင်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဒေါ်ချိုချိုမြင့်က ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြုပ်၊ ထည့်စသည့့်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်ပါအချက်များအား ရှင်းလင်းပြောကြားကာ ကျောင်းသား​၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန ဆေးရုံ၊ ဆေးခန်းများ သို့ အမြန်ဆုံးသွားရောက်ပြသရန် ပြောကြားခဲ့​ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)