မြောင်းမြ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မီးသွေးချောင်းကျေးရွာ၊ တောင်သူ ဦးသန့်ဇင်ဦး၏ လယ်မြေ(၅)ဧကအား မြေဆီသြဇာထက်သန် စေရန် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မီးသွေးချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ တောင်သူအသိပညာပေး ဆွေးနွေးပွဲကို နေ့လယ် (၁) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးချစ်ကိုနိုင်က မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရှိရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးရေး၊ ၂၀၂၃ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများရယူ၍ စပါးအထွက် တိုးစေရန် ဆောင်ရွက်ရေး၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေးတို့ကို ဆွေးနွေးသည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးနေဖြိုးမောင်က လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးနှင့် စည်းကမ်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ပုံစံ(၇) လွှဲပြောင်း၊ ရောင်းချ၊ ပေးကမ်းခြင်းများ၊ အမွေဆက်ခံခွင့် ကိစ္စရပ်များနှင့် အမည်ပြောင်းလဲခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များမှ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရှိရေးကို ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဖြေရှင်း ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို မီးသွေးချောင်း ကျေးရွာရှိ တောင်သူ(၅၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)