ရှမ်းရွာသစ် အောက်တိုဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများမှ စာရေးဝန်ထမ်းများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်မှ ရပ်ကျေး/စာရေးဝန်ထမ်းများအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး လက်ရှိ ဖြစ်ပွား နေသော ကိုဗစ်-၁၉ရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနေသည့်အတွက် မိမိတို့တာဝန်ကျ ရာ ရပ်ကွက်နှင့် ကေျးရွာများမှ ပြည်သူများကို ကျန်းမာရေးနှင့် အားစကားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို အလေးထားလိုက်နာကြရန်၊ အတတ်နိုင်ဆုံး နေအိမ် တွင်သာ နေထိုင်ရန်၊ မဖြစ်အနေအပြင်သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပေးနှိုးဆော်ကြစေလိုကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်း တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးက မြို့အတွင်းရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုမှ ရပ်ကျေးစာရေးဝန်ထမ်း (၁၃) ဦးတို့အား နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် (၁)သိန်းစီ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)