အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်

ဘားအံ ဇွန် ၁၄

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုအသုံးပြုပြီး ရေရှည်ကုန်ကျစရိတ် သက်သာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်းဆောင်ရွက်သော 3.5m³ Biogas Digester Project ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သော 3.5m³ Biogas Digester Project သည် ပဏာမရင်းနှီး မြှုပ်နှံမှုများသော်လည်း စွမ်းအင်အဖြစ် နွားချေးကိုအသုံးပြုထားပြီး နှစ်ပေါင်း(၃၀)ကျော် အသုံးပြုနိုင်သည့်အတွက် ထင်း/မီးသွေးအသုံးပြုမှု၊ LPG Gas အသုံးပြုမှုတို့နှင့် နှိုင်းယှဉ်ပါက ရေရှည်တွင် ကုန်ကျစရိတ် သက်သာသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် ထင်းနှင့် ထမင်း/ဟင်းချက်ပြုတ်ခြင်း ပြုလုပ်လျက်ရှိပြီး အိမ်တွင်းလေထုညစ်ညမ်းမှုကို မြင့်တက်စေလျက်ရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းသက်သာပြီး အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က Biogas Digester အကြောင်း အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က Biogas Digester Project ကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပေးခဲ့သော နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်၊ ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်အေးအေးမြင့်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောခူစေးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံ ပညာရေးဒီဂရီကောလိပ် စားဖိုဆောင်တွင် 3.5m³ Biogas Digester Project ဆောင်ရွက်ထားမှုနှင့် လက်တွေ့သရုပ်ပြသမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

3.5m³ Biogas Digester Project တွင် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အသုံးချ၍ ဇီဝဓာတ်ငွေ့စွမ်းအင်ကို ထုတ်လုပ်အသုံးပြုခြင်းဖြစ်သည့်အတွက် ပတ်ဝန်းကျင်ကို သန့်ရှင်းစေပြီး ၎င်းမှထွက်ရှိသော ပျော်ရည်များကို စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဩဇာအဖြစ် ပြန်လည် အသုံးပြုနိုင်ခြင်း၊ မီသိန်းနှင့်ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေခြင်း၊ ထင်း၊ မီးသွေးအစားထိုး အသုံးပြုနိုင်သည့်အတွက် သစ်တောပြုန်းတီးမှုကိုလျော့ချနိုင်ခြင်း၊ ချက်ပြုတ်ရာတွင် အချိန်ကုန်သက်သာပြီး မီးခိုးကင်းစင်၍ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည့်အပြင် LPG Gas ၏လက်ရှိဈေးနှုန်းမှာ 1Kg လျှင် ငါးထောင်ကျပ်ခန့်ကုန်ကျပြီး Biogas ၏ 1Kg ထုတ်လုပ်မှုကုန်ကျစရိတ်မှာ နှစ်ထောင့်ငါးရာခန့်သာရှိသည့် အတွက် ထက်ဝက်ခန့်ကုန်ကျစရိတ် သက်သာစေသည့်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသော  နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မာစရိယ(B.A Buddhism) ဘဒ္ဒန္တဥတ္တရမထေရ်၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို၍ အန္တိမဈာပနပူဇာသဘင် အခမ်းအနားကျင်းပနိုင်ရေး နိုင်ငံတော်ဩဝါဒစရိယ နောင်လုံ ဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများထံ လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း(၅၀)နှင့်ဆန်အိတ်(၁၀၀)ကို ဂေါပကအဖွဲ့ထံ ဆက်ကပ်လှူဒါန်းကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှလည်း အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ဓမ္မာရုံမှ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း လမ်းဆုံထိ ကွန်ကရစ်လမ်းတစ်ဖက်လျှင် လေးပေစီ တိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၉/၂၀၂၃)ကို နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းစား သုံးမှုဖူလုံပြီး ပိုလျှံသည်အထိ ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှသာ နိုင်ငံ၏စီးပွားရေးမြင့်မား တိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုအခါ အခြေခံစားကုန်ဈေးနှုန်း မြင့်တက်နေပြီး ကုန်ဈေးနှုန်းကျဆင်းစေရေးအတွက် ဒေသထုတ်ကုန်များကို သွင်းကုန်အစားထိုး ဖူလုံပိုလျှံစွာ ထုတ်လုပ်ကြဖို့လိုကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် အထွက်နှုန်းကောင်းမွန်ရေးနှင့် သီးထပ်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ပြီး စိုက်ပျိုးစွမ်းအားမြင့်မားလာမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်၍ နိုင်ငံ့စီးပွားတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ယခင်အပတ်(၈/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးထားမှု၊ အတိုးနှုန်း ပြန်လည် ကောက်ခံရရှိမှုနှင့် ထုတ်ချေးပေးရန်ကျန်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး ခရိုင်အဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ခဲ့သည့်လုပ်ငန်းများ၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများအတွက် အတိုးနှုန်းပြန်လည်ကောက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို အကျိုးရှိရှိ၊ မှန်မှန်ကန်ကန်၊ သတ်မှတ်နည်းလမ်းများအတိုင်း အသုံးချမှုရှိ/မရှိ၊ ထုတ်ကုန်တိုးတက်မှုရှိ/မရှိ စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာအကဲဖြတ်ရန်လိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)