ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး‌များနှင့် တွေ့ဆုံ

ပုသိမ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး‌များနှင့် တွေ့ဆုံပွဲအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက် ရောက်စေရေးနှင့် အတန်းစဉ် ကူးပြောင်းရေး ရည်မှန်ချက်ထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာတွင် ၁၁သိန်းကျော်ကျောင်းအပ်နှံတက်ရောက် သင်ကြား လျက်ရှိပါကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းအချို့ ပျက်စီးမှုများရှိခဲ့သော်လည်း စာသင်ကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ပြုပြင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ကျောင်းများ၏ လိုအပ်ချက် များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား သောကြာနေ့တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဝတ်စား ဆင်ယင်မှု များကို ပုံစံတကျဖြစ်စေရေး အလေးထားဆောင်ရွက်ပေးကြရန် ”အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးက စာသင်ဆောင်များ ပြုပြင်ပြီးစီးမှုများ၊ ကျောင်းများ၌ ဆရာ၊ ဆရာမ လိုအပ်ချက်များအပေါ် ဖြည့်တင်းဆောင်ရွက် မည့်အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)