ထားဝယ်မြို့၊ မယ်ဒီလန်းဆေးရုံ၌ သွေးလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ထားဝယ်     ဇွန် ၁၄

၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သွေးလှူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မယ်ဒီလန်းဆေးရုံ၌ကျင်းပသည်။

အခမ်းအနားတွင် မယ်ဒီလန်းဆေးရုံမှ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာအောင်မျိုးသူက  သွေးလှူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက Best  Friends ၊ မြို့မပန္ဒလဲ၊ ပီတိအပြုံး၊ ရင်ခုန်သံ၊ မုဒိတာ၊ ကြက်ခြေနီ စသည့်သွေးလှူရှင်အဖွဲ့များ၊ (၁၀)ကြိမ်နှင့်အထက် သွေးလှူရှင်များ၊ (၁၃၈)ကြိမ်မြောက် သွေးလှူဒါန်းပေးသော ဦးညွန့်ရွှေတို့အား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆက်လက်၍ ရောဂါဗေဒဆရာဝန်ကြီးဒေါက်တာအောင်မျိုးသူနှင့် တာဝန်ရှိသူများ၊ သွေးလှူရှင်အဖွဲ့များမှကိုယ်စားလှယ်များက စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)