တောင်ငူ ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) ၌ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်က နတ်သျှင်နောင်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) မှ ကျောင်းအုပ်ဆရာမ ဒေါ်ထက်ထက်အောင် က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်က သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လိုက်နာရမည့်အချက်များနှင့် မုန်တိုင်းဘေးအန္တရာယ်အကြောင်းတို့ကို ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က
မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်သဘောတရားများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှုအကြောင်းအရင်းနှင့် တောင်ငူခရိုင်အတွင်းအဖြစ်များသည့် သဘာဝဘေးအန္တရာယ် များအကြောင်း ဟောပြောဆွေးနွေးကာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူက စားသုံးသူကာကွယ်ပေးရေးဥပဒေ၊ စားသုံးသူကာကွယ်ပေးရေး အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်ဘေး၊ မြေပြိုခြင်း စသည့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)