ငွေဆောင် ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပညာ မူလတန်းကျောင်း(၂) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း ရှင်းပြကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျေးလက်ကျန်းမာရေး ဆရာမ(၂) ဦးမှ ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် အ.မ.က (၁၂၇) ဇီးမော်ရှိ ကျောင်းသား/သူများအား ခြင်မှတစ်ဆင့် ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ယင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းအား အသိပညာပေး ပြောကြားခဲ့သည်။ နေ့လည်(၁)အချိန် တွင် အ.မ.က(၂၀၁) ကျောက်ကြီး၌ ကျန်းမာရေး၊ ပညာရေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့အား ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်ခင်မိမိလှိုင်မှ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက် ဝမ်းလျှောအကြောင်း ရှင်းပြကာ ကျောင်းသား/ ကျောင်းသူလေးများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းမှ မူးယစ်ဆေးဝါး အမျိုးမျိုးရှိကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ အစလုပ်မိပါက စွဲတတ်ကြောင်းနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း ရှင်းပြကာ ကျောင်းသား/သူလေးများနှင့် ပြန်လှန်ဆွေးနွေးမေးမြန်းခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးဦး ပိုင်ဖြိုးအောင်မှ ကျောင်းသား/သူလေးများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)