ကျွန်းလှ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၉ တောင်သူ ဒေါ်မာမာအေး၏ ယာမြေ ၅ ဧကတွင် ယမန်နေ့ နံနက် ၆ နာရီက မိုးအစေ့ထုတ်ပြောင်း အထွက်တိုးစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။
“အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ ထယ်ရေးနက်နက် ထွန်ရေးညက်ညက် ပြုပြင်ရန်လိုအပ်ပါ တယ်။ တစ်ဧက အပင်ရေ ၂၃၀၀၀ မှ ၂၅၀၀၀ ဆန့်အောင် စိုက်ပျိုးသင့်ပါတယ်။ မြေပြုပြင်ချိန် မြေဩဇာအချိုးကျအသုံးပြုပြီး ပေါင်းမြက်ရှင်းရန် အရေးကြီးပါတယ်။ ရေမြဒေသနဲ့ ကိုက်ညီတဲ့ မျိုးကိုရွေးချယ်စိုက်ပျိုး ခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ် ရရှိမှာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများ ပူးပေါင်းပြီး မျိုးစေ့ချခြင်း၊ မြေဩဇာကျွေးခြင်းများ ဆောင်ရွက်ခဲ့ သည်။ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးအစေ့ထုတ်ပြောင်း ၁၄၉၇၃ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ