မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

မုံရွာ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနရုံး (မုံရွာ) အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦး အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက် ခဲ့ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က “အသက်သုံးနှစ်ပြည့်ပြီး အသက်ငါးနှစ်မပြည့်သေးသော  ရှေးဦးအရွယ် ကလေးသူငယ်များနှင့် အသက်ငါးနှစ်ပြည့်သော်လည်း မူလတန်းကျောင်းသို့  အပ်နှံခြင်းမပြု သေးရသော ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာတွင် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့ အတွက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ပြုစုပျိုးပေးနိုင်ရန်၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေ၁၆(က)အရ  ပြင်ပမူလတန်းကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားတင်ပြ နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး အမျိုးသမီးများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် အထောက် အကူဖြစ် စေရန်၊ တိုင်းဒေသကြီးအတွင်းရှိ ကလေး သူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိလာစေရန်နှင့် သင်တန်းမှ ရရှိလာသော ဗဟုသုတများအား မိသားစုပတ်ဝန်းကျင်သို့ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်တဲ့နည်းလမ်းများ၊ နယ်ပယ်သဘောတရားများ၊ ကလေးများ ဘာသာစကားကို ပီသကျွမ်းကျင်အောင် ပြောကြားနည်း၊ သင်္ချာကို ကိန်းဂဏန်းများ ဖြင့်လည်း‌ကောင်း၊ သိပ္ပံဘာသာ ရပ်ကို ကလေးများနားလည်နိုင်မည့် သဘာဝအနေထားဖြင့် လည်းကောင်း၊ အထောက်အကူပစ္စည်းလေးများဖြင့် စိတ်ကူးတီထွင် ဖန်တီးမှုများ၊ အနုပညာများ၊ တေးဂီတနှင့် လှုပ်ရှားမှုများ၊  ကာယပညာနှင့် ဖွံ့ဖြိုးမှု၊ မိဘများနှင့် ရပ်ရွာလူထုများမှ ပူး‌ပေါင်း ပါဝင်မှု စတဲ့ဘာသာရပ်များဖြင့် ကလေးငယ်များ ပြုစုစောင့်ရှောက်မှုတို့ကို သေချာစနစ်တကျ ပို့ချသင်ကြား‌ပေးလျက်ရှိကြောင်း၊ ကလေးတစ်ဦးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံးအချိန်ဟာ ကလေးရဲ့ဘဝ အစ ဦးဆုံးကာလနှစ်များသာ ဖြစ်သောကြောင့် အစကောင်းမှ အနှောင်း သေချာဆိုသလို အမျိုးအမျိုးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ပံ့ပိုးမှုကို ရရှိဖို့ အထူးဂရုပြု ပေးကြစေကြောင်းနှင့် သင်တန်းမှ ရရှိလာသည့် နည်းပညာတွေကိုလည်း အသုံးချပြီး နိုင်ငံရဲ့ အနာဂတ်ကလေးများ အကျိုးကို အကောင်းဆုံး ဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားကြစေ ကြောင်း” တိုက်တွန်း  အအမှာစကားပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် သင်တန်းသူများ၏ ECCD သီချင်း၊ မူလတန်းကြိုကျောင်းသီချင်း၊ မြန်မာမလေးသီချင်း၊ ပန်းကလေးများရဲ့ ဥယျာဥ်မှူးသီချင်း တို့ဖြင့် သီဆိုကပြ‌ ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးပြီး ဆရာမကြီး ဒေါ်ခင်နွဲ့ (ညွှန်ကြားရေးမှူး/ ငြိမ်း) အား ဂါဝရပြုလက်ဆောင်ကို ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းဆင်းများမှ တစ်ဦးချင်း လက်ခံရယူခဲ့ကြပြီး သင်တန်းဆင်းများကိုယ်စား သင်တန်းဆင်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းဆင်းများက မြတ်ဆရာသီချင်းဖြင့် ဂါရဝပြုနှုတ်ဆက်သီချင်းသီဆိုမှုအား ကြည့်ရှုအားပေးကာ တက်ရောက်လာကြသူများနှင့် အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းဆင်းများ၏ လက်ရာများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင် ဘဝမှ ဘိုးဘွားများအထိ လုပ်ငန်းတာဝန်ကြီး(၇)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင် အဓိကအကျဆုံး ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစု ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ထိရောက်စွာ သင်ကြားနိုင်ရေးအား အထူးအလေးထာ၍ သင်ရိုးညွှန်းတန်းများနှင့်အညီ ယခုလိုသင်တန်းများ ဖွင့်လှစ်ပို့ချပေး ခြင်းဖြစ်ပါကြောင်း သိရပြီး အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသူ ၃၀ ဦးအား သင်တန်းနည်းပြ ဆရာဆရာမများက မေလ ၂၅ ရက်နေ့မှ စတင်ပြီး ဇွန်လ ၁၄ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်တန်းကာလ ၂၁ ရက်ကြာ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)