ဆိပ်ဖြူမြို့နယ်တွင် မိုးကြိုစိုက်ပျိုးသည့် ပဲတီစိမ်းများ လှိုင်လှိုင်ပေါ်ထွန်းပြီး ဈေးကောင်းရရှိ

ဆိပ်ဖြူ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးကြို စိုက်ပျိုးခဲ့ကြသည့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပဲတီစိမ်းများ လှိုင်လှိုင်ပေါ်ထွန်းကာ ဈေးကောင်းရရှိနေကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ပဲတီစိမ်းစိုက်တောင်သူများသည် မိုးကြိုပဲတီစိမ်းကို ၂၀၂၃ ခုနှစ် ဧပြီလအတွင်း၌ မြစ်ရေတင်စိုက်ပျိုး ဧရိယာနှင့် ကိုင်းစိုက်ပျိုးမြေများ၌ မြစ်ရေတင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး လက်ရှိအချိန်တွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ပဲတီစိမ်းများ ခူးဆွတ်နေကြပြီဖြစ်သည်။ ယခုနှစ် ပဲတီစိမ်းဈေးနှုန်းမှာ ကနဦး ပဲတီစိမ်းပေါ်ကာစ၌ တစ်တင်းလျှင် ၇၀၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး လက်ရှိပေါက်ဈေး တစ်တင်းလျှင် ၆၀၀၀၀ ကျပ်အထိ ဈေးရရှိနေကြောင်း၊ ပဲတီစိမ်းကို စတင်ခူးဆွတ်ချိန်မှ (၃)ကြိမ်မှ (၄) ကြိမ်အထိ ကောက်ယူရကြောင်း၊ ဒေသခံတောင်သူများသည် အထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးများဖြစ်သည့် ရေဆင်း(၁၄)၊ ရေဆင်း(၁၆)မျိုးများနှင့် ဘုံခုနှစ်ဆင့် မျိုးများ စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ယခင်နှစ် တစ်ဧက ပဲတီစိမ်းထွက်နှုန်းမှာ (၈)တင်းမှ (၁၅)တင်း အထိ ထွက်ရှိခဲ့ပြီး ပဲတီစိမ်းတစ်တင်းကို ၄၀၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သကဲ့သို့  ယခုနှစ်မှာ ယခင်နှစ်ထက် (၂၀၀၀၀) ကျပ် ဈေးပိုရရှိ၍ ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)