ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ဒညင်းသီးများလှိုင်လှိုင်ထွက်သော်လည်း အရောင်းအဝယ်ပါးနေ

ရှမ်းရွာသစ် ဇွန် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် နှစ်ရှည်ပင်သီးနှံတစ်မျိုးဖြစ်သော ဒညင်းပင်များမှ လူကြိုက်များသည့် ဒညင်းသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သော်လည်း အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရသည်။

"ဒီမြို့အနီးတစ်ဝိုက်မှာဆိုရင် ဒညင်းပင်စိုက်ပျိုးသူအများအပြားရှိပါတယ်။ ဒညင်းပင်ဟာဆိုရင် နှစ်ရှည်ပင်ဖြစ်ပြီး အရိပ်လည်းရကာ အပင်များကိုပြုစုရန် သိပ်မလိုတော့ စိုက်ပျိုးသူများက မပင်ပန်းကြပါဘူး။ ဒီနှစ်တော့ ဒညင်းသီးများဈေးကောင်းရပါတယ်။ ဒညင်းသီးစပေါ်ချိန်ဆိုရင် တစ်လုံး(၃၀)ကျပ်မှ (၅၀) ထိရပါတယ်။ လှိုင်လှိုင်ပေါ်ချိန် ဆိုရင်တော့ ဒညင်းသီးအလုံး(၆၀)ကို (၁၀၀၀)ကျပ် ရရှိသော်လည်း ဒညင်းသီးများရင့်ချိန်ဖြစ်၍ အရောင်းအဝယ်နည်းပါးနေကြောင်း" ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ အိမ်ခြံဝင်းများနှင့် တောတောင်များတွင် အရိပ်လည်းရ အပိုဝင်ငွေရရှိသော နှစ်ရှည်ပင်ဒညင်းပင်များကို အများအပြားစိုက်ပျိုးကြရာ ဒညင်းသီးပေါ်ချိန်တွင် ခူးဆွတ်၍ မိမိတို့၏နေအိမ်ခြံရှေ့များတွင်ရောင်းချခြင်း၊ လှိုင်းဘွဲမြို့၊ မြိုင်ကြီးငူအထူးဒေသတို့မှ ဖောက်သည်များက လာရောက်ဝယ်ယူကြရာ ဒညင်းသီးများရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ဒညင်းသီးကိုပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ဆားရေစိမ်၍ သော်လည်းကောင်း ဒေသနေပြည်သူအများစု နှစ်ခြိုက်စွာ စားသုံးသည့် ရာသီစာအသီးအနှံတစ်မျိုးဖြစ်‌ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)