ကော့သောင်း ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်ယာဉ်စည်း ကမ်းနှင့်လမ်းစည်းကမ်းအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက အောင်သုခရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းအေးထွန်းက ယာဉ်တိုက်မှုဖြစ်ရခြင်း အကြောင်းအရင်းများ၊ နှစ်အလိုက်ကိန်းဂဏန်းများနှင့် သုံးသပ်ချက်များအကြောင်း၊ ဦးနောင်နောင် (စစ်ဆေးရေးမှူး-၃) က လမ်းညွှန်း၊ လမ်းအမှတ်အသားများအကြောင်းနှင့် နည်းဥပဒေပါ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လမ်းလျှောက်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ အကြောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒု-ရဲအုပ်ချမ်းသာမိုးက ယာဉ်မောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်မှ မောင်းနှင်ရန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များ အကြောင်းကို အသီးသီးဟောပြောခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲကို ကော့သောင်းမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗဟုသုတရစေရန်နှင့် အသိ၊ သတိဖြင့် လိုက်နာကြစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်