အုတ်တွင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှဦးဆောင်၍ ယနေ့နံနက်ပိုင်းက သုံးစွဲရန်မသင့်သည့်ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားမှုရှိမရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှဦးဆောင်၍ အုတ်တွင်းမြို့မစျေးကြီးအတွင်းနှင့် စျေးပြင်ပရှိကုန်စုံဆိုင်များ၊ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များသို့ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသောက်သုံးစွဲရန်မသင့်သောကုန်စည်များ၊ ဆေးဝါးများနှင့်အလှကုန်ပစ္စည်းများကို နမူနာကောက်ယူပြီးသက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား ဝန်ခံကတိလက်မှတ်ထိုးရယူခြင်း၊ ကုန်ပစ္စည်းများအားလုံး အပေါ်တွင်ပါရှိရမည့် ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာမှန်ကန်စွာရေးသားထားခြင်း ရှိမရှိတို့ စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဒေါ်အေးအေးခိုင်ထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)