ရေဦးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရေဦး ဇွန် ၁၃            

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီက အောင်ဆန်း ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကံ့ကော်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ခေါင်းစဉ်ဖြင့် အသိအညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား လူကုန်ကူမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အရာပါ ဗီနိုင်းဓာတ်ပုံပိုစတာများပြသခဲ့ရာ ကျောင်းသားများက စိတ်ပါဝင်စားစွာ  ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကိုလည်း ပြန်လည်ရှင်းပြပေးခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)