မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဇွန် ၁၃

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ ခြေခံပညာအထက်တန်းကျောင်း၌ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပပြုလုပ်သည့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာကျောင်း ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ၊ ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူး ကြီးလင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖြန်းကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ဆက်လက်ဖြည့်တင်း ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ အထက်တန်းကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ယခုစတင်ဖွင့်လှစ်ပေးခဲ့သည့် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာကျောင်း အပါအဝင် ခရိုင်(၄)ခု၌ ကျောင်းပေါင်း(၄)ကျောင်းကို ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် သင်ကြားပို့ချမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များကို (၃)နှစ်ကြာ စာတွေ့၊ လက်တွေ့ဖြင့်လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးသွားဖြစ်ပါကြောင်း၊ ကျောင်းတွင်း သတ်မှတ်ချက် အရည်အချင်းများနှင့် ကိုက်ညီပြီးတက်ရောက် ပြီးစီးသူများအနေဖြင့် သတ်မှတ်ထားသော တက္ကသိုလ်နှင့်ကောလိပ်ကျောင်းများတွင် လွယ်လင့်တကူဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိစေနိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြား သည်။

ဆက်လက်ပြီး Rcyal Mudra (ဆောက်လုပ်ရေးကုမ္ပဏီ) မှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ် အလွှဲအပြောင်းမှတ်တမ်းကို မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်ထံ လွှဲပြောင်းပေးအပ်ကာ မြေပြင်သာကျေးရွာ၊ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြို့သစ်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ၊ အတွင်းရှိ (မူ၊လယ်၊ထက်) ကျောင်းအုပ်ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ဆရာ/ဆရာမများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)