ရေတာရှည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူလူထုအခြေပြုတီဘီရောဂါအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ငူခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန တီဘီရောဂါကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်သန်းမှ ပြည်သူလူထုအခြေပြုတီဘီရောဂါအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ပြည်သူများမှ တီဘီရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုဝါကျော်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ဌာနဆိုင်ရာများ၊ တောင်ငူခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့် စိတ်ဝင်စားသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ ဆက်)