ဖြူးမြို့နယ်တွင် ဒူးရင်းသီးစျေးကွက် ယခင်နှစ်များထက်စျေးကောင်းရရှိ၍ အဝယ်လိုက်လျက်ရှိ

ဖြူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရောင်းချနေသည့် ဒူးရင်းသီးစျေးကွက်မှာ စျေးကောင်းရရှိနေကာ ယခင်နှစ်များထက် စျေးကောင်းပေးဝယ်ရသော်လည်း အဝယ်လိုက်နေလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ဒူးရင်းသီးပေါ်ချိန် ရာသီကာလတွင် ​​ရောင်းချသည့် ဒူးရင်းသီးဆိုင်များမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် ရောင်းချမှုများပြီး ရောင်းချသည့်အသီးများမှာ အများအား​ဖြင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဖြူးမြို့နယ်၏ အရှေ့ဘက်စစ်တောင်မြစ်တစ်ဘက်ကမ်းရှိ မုန်းနှင့်ကျောက်ကြီးပေါက်စသည့် ကျေးရွာထွက်အသီးများအား မေလပိုင်းမှစတင်ကာ ​အောက်တိုဘာလအထိ မှာယူပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

စျေးနှုန်းအားဖြင့် အရွယ်အစားအလိုက် အမျိုးမျိုးရှိပြီးအနိမ့်ဆုံးစျေး အလုံးငယ်တစ်လုံးလျှင် (၃၅၀၀)ကျပ်မှ အမြင့်ဆုံးစျေး တစ်လုံးကြီးတစ်လုံးလျှင် (၃၅၀၀၀)ကျပ်ထိ ရှိကြောင်းသိရသည်။ ဖြူးဒေသအတွင်း ရောင်းချသည့် ဒူးရင်းသီးများအား အများဆုံးဝယ်ယူသူများမှာ အခြားဒေသများမှ ဆိုင်ကယ်များ၊ ကိုယ်ပိုင်ကားများ၊ ခရီးသည်တင်ကားများဖြင့် လမ်းကြုံဝယ်ယူသူ ပိုမိုများပြားပြီး ကျောက်ပန်းတောင်း၊ တောင်ကြီး၊ လားရှိုးမြို့များသို့လည်း တင်ပို့ရောင်းချပေးရကြောင်းအဆိုပါဒူးရင်းသီး ရောင်းချသူများထံမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)