အုတ်တွင်းမြို့နယ်၌ (NEP) ဖြင့်ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပ

အုတ်တွင်း ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်စု ဇီးဖြူသောင် (အထက်) ကျေးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (NEP) ဖြင့် ဆောင်ရွက်သော လျှပ်စစ် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက အဖွင့်အမှာစကား ပြောကြားပြီး ကျွဲပွဲမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်မင်းက လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လျှပ်စစ်အန္တရာယ် အသိပညာပေးခြင်းများ ရှင်းလင်းပြောကြားကာကျေးရွာနေ ရပ်မိရပ်ဖ ဦးတင်အေးက လျှပ်စစ်မီးရရှိသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မင်းအောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ ကျွဲပွဲမြို့လျှပ်စစ်အင်ဂျင်နီယာ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ကျေးရွာအားလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (NEP) စနစ်ဖြင့် လျှပ်စစ်မီး ရရှိ‌ရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အိမ်ခြေ (၁၄၇) လုံးရှိ ဇီးဖြူ‌သောင် (အထက်) ကျေးရွာမှ အိမ်ခြေ (၄၅) လုံးအား ကနဦးလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိသောအိမ်ခြေများအား လျှပ်စစ်မီး ဆက်လက်ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)