ပေါင်းတည်၌ ရွေ့လျားစာကြည့်တိုက်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပေါင်းတည် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သရက်တောကျောင်းတိုက် ဘုန်းတော်ကြီးသင်မူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်နှင့်အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးဆင့်က  စာပေဖတ်ရှုခြင်းမှရရှိသောအကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို အသိပညာပေးဟောပြောသည်။ ယင်းနောက် တာဝန်ခံဆရာမကြီးဒေါ်စန်းရီက ကျောင်းသင်ခန်းစာများသာမက အကျိုးရှိ၍ဗဟုသုတ အသိပညာတိုးပွားစေသော စာပေများကိုလည်း ဖတ်ရှုလေ့လာကြရန် ကျောင်းသား၊ ကျောင်းသူများအား တိုက်တွန်းပြောကြားခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် နယ်လှည့်ရွေ့လျားစာကြည့်တိုက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရာ မြို့နယ်ဦးစီးမှူးက ပုံပြင်ပြောခြင်း၊ ဝန်ထမ်းများက အသိပညာပေးကလေးစာပေများကို ဝေငှဖတ်ရှုစေခြင်းနှင့်စာအုပ်ငှားရမ်းခြင်းများဆောင်ရွက်ကြသည်။ ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကိုလည်းခင်းကျင်းပြသပေးခဲ့ရာ ကျောင်သား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲသို့ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမ ၅ ဦးနှင့်အတူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)