သဲကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ဦးစွာပထမ သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ ရွာထောင်ကုန်းကျေးရွာ ကြို့ဝါပင်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ထုတ်ချေးခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း ရေရှည်အောင်မြင်အောင် ထိန်းသိမ်းဆောင်ရွက်ကြပါရန်နှင့် ချေးငွေများကို သက်မှတ်ရက်များတွင် အတိုးအရင်းပေးဆပ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးမှူး၊​​ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရွာထောင်ကုန်း ကျေးရွာ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကြီးကြပ်မှု ​​​ကျေးရွာ ကော်မတီဝင်များနှင့် အသင်းသား (၁၂၃) ဦးထံသို့ ​​ရန်ပုံငွေကျပ်သိန်း (၂၀၀) အား လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ကြွယ်ပါလုကျေးရွာ ဓမ္မာရုံတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အတွက်  ရန်ပုံငွေကျပ်သိန်း (၁၀၀) ကိုလည်း အဆိုပါကျေးရွာရှိ ကော်မတီအဖွဲ့ဝင် (၂၇) ဦးထံသို့ ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)