ရွှေဘုန်းမြင့်စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်ကြီးအသစ်တဖန် ပူဇော်လှူဒါန်းနိုင်ရေးအတွက် ငြမ်းဆင်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

မအူပင်  ဇွန်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရွှေဘုန်းမြင့်စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်ကြီးအသစ်တဖန် ပူဇော်လှူဒါန်းနိုင်ရေးအတွက် ငြမ်းဆင်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က စေတီတော်ကြီး၏ တန်းဆောင်းတော်ကြီးအတွင်း ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဓမ္မ ဇောတိက ဘဒ္ဒန္တဉာဏဒီပထံမှ (၅)ပါးသီလ ခံယူဆောက်တည်ပြီး တာဝန်ရှိသူများမှ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။  ၎င်းနောက် မင်္ဂလာအချိန်ကျရောက်သော နံနက်(၇)နာရီ (၂)မိနစ်တွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ တနင်္လာဒေါင့်တွင်လည်းကောင်း၊ မြို့မိမြို့ဖအလှူရှင် ဦးဉာဏ်ထွန်းလင်း (ခ)ဦးဒလစ်မှ အင်္ဂါဒေါင့်တွင်လည်းကောင်း နဝရတ်ကိုးသွယ်ကိုယ်စားပြု မင်္ဂလာငြမ်းတိုင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

အဆိုပါ ငြမ်းဆင်ခြင်းမင်္ဂလာအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ‌ဘုရားဂေါပက အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)