ဆင်ပေါင်ဝဲမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီး ဌာနမှူးဒေါက်တာမွန်စိုးရီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင်အသားဝါ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို တိုက်ကျွေး ပေးခဲ့သည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)