ကသာ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲသော ဆေးဝါးများကြောင့် စိတ်ပိုင်ဆိုင်ရာ ထိခိုက်မှုများဖြစ်သည့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစုနှင့်လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုနည်းလာခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့ပါးလာခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊ ကူးစက်ရောဂါများ ဖြစ်သည့် အကြောင်းအရာများကို ပြောကြားပြီး ကသာခရိုင်မူးယစ်တပ်ဖွဲ့စု(၆) ဒုရဲမှူးကျော်နိုင်က မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေးအကြောင်းနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ၊ မူးယစ်ဆေး သုံးစွဲသူများအား ကုသပေးခြင်းနှင့် ပညာပေးခြင်း မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်၍ လူမှုအသိုက်အဝန်းဖြစ်ပေါ်စေရေး အကြောင်းအရာတို့ကို အသီးသီးဟောပြော ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ကြကာ ကျောင်းအုပ်ဆရာမကြီးမှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခဲ့သော ခရိုင်မူးယစ်ရဲတပ်ဖွဲ့စု(၆) ဒုရဲမှူးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်ပြသထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)