ကျိုက်လတ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြော

ကျိုက်လတ် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းသိန်းက ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ယခုအချိန်အခါသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အချိန်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ခြင်အမျိုးအစားသုံးမျိုးရှိကြောင်း ခြင်ကျား၊ ငှက်ဖျားခြင်၊ ဆင်ခြေထောက်ခြင်တို့ဖြစ်ပြီး ဥ ဥပြီး အကောင်ပေါက်ရန် (၁၀)ရက်ကြာကြောင်း၊ ခြင်ထောင်ထဲတွင် စာကျက်သင့်ကြောင်း၊ ခြင်ဆေးခွေသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသဖြင့် မထွန်းသင့်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်းတို့ကို  အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သော ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဟောပြောခဲ့ ကြကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်