မြောင်းမြခရိုင် Community Centre ၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မြောင်းမြ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ပလတ်စတစ် ညစ်ညမ်းမှုကြောင့်  ပတ်ဝန်းကျင်ထိခိုက်မှုအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပလတ်စတစ်မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများ၊ ပလတ်စတစ်ကို အသုံးပြုပြီး စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ပလတ်စတစ် အမှိုက်များ မြစ်ချောင်း အင်းအိုင် ပင်လယ်သမုဒ္ဒရာအထိ ရောက်သွားပြီး ရေအရင်းအမြစ်များ ထိခိုက်ဆုံးရှုံးရခြင်း၊ ရေနေသတ္တဝါများ  သေကျေပျက်စီးရခြင်း၊  ပလတ်စတစ်ကို အစာအမှတ်ဖြင့် စားသုံးမိ၍ တိရိစ္ဆာန်များ  သေဆုံးပျက်စီးရခြင်း၊ ပလတ်စတစ်သည် လူ့ကျန်းမာရေးနှင့် ငှက်များ၊ ရေနေ/ကုန်းနေ သတ္တဝါများကို အမျိုးမျိုးသောနည်းဖြင့် ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ ပလတ်စတစ် သုံးစွဲမှုကို လျော့ချခြင်းဖြင့် ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်တားဆီးရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ပလတ်စတစ် ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အသိပညာပေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)