ငပုတောမြို့နယ်၌ မိုးတွင်းကာလတွင် ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မ​ပြတ် ဆောင်ရွက်လျက်ရှိ

ငပုတော ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက်၊ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်ခြင်းကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့ မဂ္ဂလမ်းရှိ ရေနုတ်မြောင်းအားဌာနပိုင် စက်ယန္တရားဖြင့်  ဆက်လက် တူးဖော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု​အား ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်ရှိလမ်းများတွင် ရေကြီးရေလျှံမှုများ မရှိစေရေးအတွက် ရေနုတ်မြောင်းများ ဖောက်လုပ်ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် အလေးထား ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ  မှာကြားခဲ့ကြောင်း သိရသည် ။

ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာစေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြို့သန့်ရှင်း သာယာလှပစေရေးအတွက် အလှပန်းပင်များ စိုက်ပျိုးခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်း ထံမှ  သိရသည်။

အောင်သူ (ပြန်/ဆက်)