ဒုတိယအကြိမ်ကပ်ထားကြေညာသည့် ဘားအံမြို့နယ် မဲဆန္ဒရှင်စာရင်း (၈)ရက်အတွင်း ပြည်ဆင်ဖြည့်စွက်မှု ၄၀၀ ကျော်ရှိ

ဘားအံ အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ထိ ပုံစံ(၃)ဖြင့် တောင်းဆို၍ ပြင်ဆင်ဖြည့်စွက်မှု ၄၀၀ ကျော်ရှိကြောင်း ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ သိရသည်။

မဲဆန္ဒနယ်ပြင်ပကြိုတင်မဲနှင့် စပ်လျဉ်း၍ ပုံစံ(၁-၁)(၁-၂)(၁-၃)များကို အောက်တိုဘာလ ၅ ရက်နေ့က သက်ဆိုင်ရာဌာနအသီးသီးရှိ အကြီးအမှူးများထံပေးပို့ဆောင်ရွက်ထားပြီး မဲဆန္ဒနယ်အတွင်း ကြိုတင်မဲများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်သည့် နေ့ရက်အချိန်တွင်ဆောင်ရွက်သွားမည်ဖြစ်ကာ ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း ဘားအံမြို့နယ်ရွေးကောက်ပွဲအရာရှိထံမှ သိရသည်။

ရွေးကောက်ပွဲကျင်းပချိန်ထိ ကိုဗစ် ၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အသွားအလာ ကန့်သတ် စောင့်ကြည့် ရေးစခန်းများတွင် ရောက်ရှိနေသူများ၊ ဆေးကုသမှုခံယူနေသူများကို ကြိုတင်မဲစီစဉ် ဆောင်ရွက်ပေးသွားမည်ဟုသိရပြီး ဘားအံမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးစောထက်လင်းဦးက “ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကလည်း အသွားအလာကန့် သတ်စောင့်ကြည့်ရေးစခန်း တွေမှာရောက်ရှိနေပြီးတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မိမိသက်ဆိုင်ရာနေရာဒေသကို ပြန်ပြီးတော့မှ မဲမပေးနိုင်တဲ့သူတွေအတွက် သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ကြိုတင်မဲတွေစီစဉ်ဆောင်ရွက်ပေးသွားဖို့ ညွှန်ကြားထား တာရှိပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်ရဲ့ဘားအံမြို့နယ်အတွင်းမှာတော့  အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်၊ အဲဒီမှာ တာဝန်ကျတဲ့ အကြီးအမှူးတွေနဲ့ဆက်သွယ်ဆောင်ရွက်ပြီးတော့မှ ကြိုတင်မဲပေးနိုင်ဖို့အရေး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ပြောသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဘားအံမြို့နယ်၌ မဲရုံပေါင်း ၂၃၀ ဖြင့် ကျင်းပသွား မည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့က ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၆၄၁၄၄ ဦးရှိကာ ယခုအခါ ပြင်ဆင် ဖြည့်စွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)