ဂန့်ဂေါ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေပြီဖြစ်သဖြင့် မိုးရာသီကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်နန်းစံစံထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မိုးရာသီကာလအတွင်းအဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် မိုးရေများ တင်ကျန်နိုင်သော တာယာဟောင်းများ၊ ရေအိုးရေခွက်များ၊ ရေတိုင်ကီများ၊ သောက်ရေအိုးများ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် (၂၀၀)စောင်ကို အခမဲ့ဖြန့်ဝေ၍ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဂန့်ဂေါမြို့ပေါ်ရှိ မြောက်ကုန်းရပ်ကွက်၊ ကျောတိုက်ရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ မြို့မရပ်ကွက်များရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ အစိုးရရုံးဌာနများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)