ပေါက်ခေါင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် Book Club ၊ Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း        ဇွန်       ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ကံကောင်းနည်းလက်ဆောင်" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာ‌ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ကံကောင်းနည်းလက်ဆောင်"စာအုပ်မှ ခေါင်းစဉ်ခွဲများကို(Book Club)၊ (Youth Club)အဖွဲ့ဝင်များက တစ်ဦးခြင်းဖတ်ကြားခဲ့ရာ တက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာအုပ်တွင် အတွေ့အကြုံထဲကဗဟုသုတ၊ တန်ဖိုးရှိတဲ့ အသိပညာ၊ ဂဃနဏ၊ မြင်ကွန်းမင်းသားကပေးတဲ့ပေးခဲ့တဲ့ ဘဝသင်ခန်းစာ၊ ကံကောင်းခြင်းကိုရှာဖွေတွေ့နိုင်ပြီစသည့် ခေါင်းစဉ်ခွဲများကိုအချင်းချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)