ပုလဲ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယမန်နေ့(၈-၁၀-၂၀၂၀) ညနေသတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါပိုး Positive ၂ ဦး ထပ်မံတွေ့ရှိ၍ မြို့နယ် ပြည်သူ့ဆေးရုံ၌ ထားရှိပြီးကျန်းမာရေး စောင့်ရှောက် ကုသမှု ပေးထားကြောင်း မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပုလဲမြို့နယ် COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က “ ကျွန်တော်မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ၉ဦးနှင့် ဆက်စပ် ထိတွေ့သူများ၊ ပုလဲမြို့ ၊မြို့တော်ခန်းမနှင့် ကျေးရွာများရှိ CBFQများမှာ Quarantine ထားရှိတဲ့ နေရပ်ပြန် ပြည်သူများ စုစုပေါင်း၂၂ ဦးတို့အား Quarantine ထားရှိ တဲ့နေရာမှ သီးသန့် ခေါ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၇ရက်နေ့မှာ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အာခေါင် တို့ဖတ်၊နှာခေါင်းတို့ဖတ်Swabနမူနာများရယူပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ဓာတ်ခွဲနမူနာများကို ပို့ဆောင်စစ်ဆေးခဲ့ရာ ၂၂ ဦးအနက် တလိုင်းကန်ကျေးရွာ Quarantineမှာ ထားရှိတဲ့ အသက်၂၂နှစ်အရွယ် အမျိုးသမီး၁ဦးနှင့် နွယ်အင်းကျေးရွာ Quarantine မှာထားရှိတဲ့ အသက် ၁၉နှစ်အရွယ် အမျိုးသမီး ၁ဦး စုစုပေါင်း ၂ ဦးမှာ ကိုဗစ် - ၁၉ရောဂါပိုး Positive တွေ့ရှိကြောင်း အောက်တိုဘာ ၈ ရက်နေ့ ၊ ညနေ ၅နာရီ ၃၀ မိနစ်ခန့်မှာ သိရှိရတဲ့အတွက် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိတဲ့ အမျိုးသမီး ၂ဦးကို ကျေးရွာ Quarantine ထားရှိတဲ့ နေရာကနေ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ဆောင်ရွက်ပေး ထားပါ တယ်။
၎င်းတို့နှင့် ဆက်စပ်ထိတွေ့သူများအား Community Based Facility Quarantine (CBFQ) ထားရှိကာ Swabနမူနာများ ရယူ၍ ပေးပို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် ယခင်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ၉ဦးနှင့်ထပ်မံတွေ့ရှိသည့် ပိုးတွေ့လူနာ ၂ဦး စုစုပေါင်း၁၁ဦးကို မြို့နယ်ပြည်သူ့ဆေးရုံIsolation Ward၌ ထားရှိ၍ ကျန်းမာရေး စောင့်ရှောက် ကုသမှုများဆောင်ရွက်ပေးထားပြီး ပိုးတွေ့လူနာများ၏ ကျန်းမာရေး အခြေအနေ မှာ ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်COVID–19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီမှ သတင်းရရှိ သည်။
မြင့်သိန်းစိုး(ပြန်/ဆက်)