နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာ အခြေခံပညာမူတန်းလွန်ကျောင်း (၆၀×၃၀) RCC (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်း ပြီးစီး

နတ်မောက် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်အတွက် နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမြေနေရာတွင် အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ (၆၀×၃၀) RCC (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

ဆီဆုံကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (၆၀×၃၀) RCC (၁)ထပ် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုငွေ (၅၂.၆၅၀)ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော စိန်ရတနာဖြိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆီဆုံကုန်းကျေးရွာရှိ အခြေခံမူလတန်းလွန်ကျောင်းမြေနေရာတွင် အန္တရာယ်ရှိကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ (၆၀×၃၀) RCC (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းအား စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးကို ကျေးရွာအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်း အကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း