သာယာဝတီ၌ အသက်(၆)လမှ(၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

သာယာဝတီ ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက အသက်(၆)လမှ(၃)နှစ်အရွယ် ကလေ းသူငယ်များအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်၍သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အိမ်တစ်အိမ်တွင် တစ်ဦးတည်းနေရသည့်ကလေးထက် နေ့ကလေးထိန်းနှင့် မူလတန်းကြိုကျောင်းတွင် နေရခြင်းဖြင့် အများနှင့်ထိတွေ့မှုရရှိပြီး ကလေးများ ပိုမိုတိုးတက်ကြောင်း၊ ကစားခြင်းသည် ကလေးများအတွက် မရှိမဖြစ် အရေးပါကြောင်း၊ စုပေါင်းကစားခြင်းများကို ထိတွေ့ခံစားရခြင်းကြောင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ အပေးအယူ၏ သဘောသဘာဝကို ငယ်စဉ်ကတည်းက သိရှိနားလည်လာခြင်း၊ သူ့အလှည့်ကိုယ့်အလှည့် နားလည်မှုရှိခြင်းတို့ဖြင့် လူမှုသဟဇာတဖြစ်ခြင်းကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ယင်းနောက် သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းက မူကြိုကျောင်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းကို မေလ ၂၃ ရက်မှ ဇွန်လ ၁၂ ရက်နေ့ထိ ရက်သတ္တပတ် ၃ ပတ်ကြာသင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)