တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး (၂) တိုင်ခြေတစ်ချို့ မြေကျွံကျမှုဖြစ်ပွါး၍ ဈေးဆိုင်ခန်း (၃) ခန်းအား အသွားအလာ ကန့်သတ်ယာယီပိတ်ထား

တနင်္သာရီ၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်စည်ပင်သာယာရေးအဖွဲပိုင် အောင်မင်္ဂလာ (၂) ဈေး၏ မြစ်ကမ်းဘက်ခြမ်းရှိ ကွန်ကရစ်တိုင်များ မြေကျွံ့ကျမှုဖြစ်ပွါးခဲ့ရာ ဈေးဆိုင်ခန်းနေရာ (၃) နေရာအတွင်းရှိ ဈေးဆိုင်လက်ရန်းများနှင့် ကြမ်းခင်းများ အနည်းငယ်နိမ့်ကျမှုဖြစ်ပွားနေသောကြောင့် ဈေးရောင်းသူ/ဈေးဝယ်သူများ အန္တရာယ်မဖြစ်ပွားစေရန်အတွက် ယမန်နေ့နံနက်ပိုင်း ဈေးရောင်းချိန်မှစတင်၍ ဈေးဆိုင်ခန်း (၃) ခန်းအား အသွားအလာကန့်သတ်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးကျော်စိုးအောင်ထံမှ သိရှိရသည်။

အဆိုပါ အောင်မင်္ဂလာ (၂) ဈေး (ကုန်စိုဈေး) သည် တနင်္သာရီမြို့နှင့်ဗောဓိကမ်းကျေးရွာအကြား ရှေးယခင်နှစ်ပေါင်းများကတဲ့က စီးဆင်းနေသော ငဝန်ချောင်း (ဒေသခေါ်-ချောင်းငယ်မြစ်) ၏ မြစ်ကမ်းနံဘေးတွင်တည်ရှိပြီး နှစ်စဉ်မြစ်ရေလွှမ်းမိုးမှုဒဏ်နှင့်မြစ်ကမ်းနံဘေး၌ တည်ရှိသဖြင့် သဘာဝလှိုင်းဒဏ်၊ စက်တပ်ရေ ယာဉ်ကြီးများ၏ဒဏ်များကြောင့် ရေတိုက်စားကာ ယခုကဲ့သို့ တိုင်ခြေများနိမ့်ဆင်းခြင်းဖြစ်နိုင်ကြောင်း၊ ယခုလက်ရှိဖြစ်စဉ်အား အသေအချာစစ်ဆေးပြီး အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်အောင် စီစဉ်ညှိနှိုင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိထံမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)