ထန်းတပင်(ပဲခူး) ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒုတိယအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သရက်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးသက်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရရှိသော ကျေးရွာများ စိုက်ပျိုးရေးလုပ်ငန်းများကို မြေလွတ်၊ မြေရိုင်းမကျန်စိုက်ပျိုးပေးကြဖို့နှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အထွက်နှုန်းကောင်းမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အမျိုးအစား၊ ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ ကျေးရွာရွေးချယ်ရာတွင် အခြေခံမူများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေလွှဲအပ်ပေးရာ ငွေကျပ်သိန်း(၁၀၀)ကို တောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)