ရေဖြူဒေသ၌ ဒုတိယရာသီပြီးချိန်တွင်ရော်ဘာဈေးတစ်ပေါင်လျှင် ၁၄၇၀ကျပ်အထိဈေးကောင်းရရှိ

ရေဖြူ  ဇွန် ၁၂

ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းဒုတိယရာသီပြီးချိန် ယ‌နေ့ ဇွန်လ ၁၂ ရက်နေ့တွင်ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၄၇၀ ကျပ် အထိဈေးရနေကြောင်း ရော်ဘာခြံလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ရော်ဘာဈေးနှုန်းမှာ ပထမရာသီအဖွင့် အောက်တိုဘာလက တစ်ပေါင်လျင် ၁၂၀၀ ကျပ်သာရရှိပြီး ရွက်ဟောင်းကြွေ၍နားချိန် ဇန်နဝါရီလလယ်လောက်တွင် တစ်ပေါင်လျင် ၁၃၅၀ကျပ် အထိဈေးရရှိခဲ့ကြောင်း ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ရွက်ဟောင်းကြွေ၍ တစ်လတိတိ ရွက်အသစ်ပြန်ဝေချိန် ရပ်နားကြသော်လည်း အချို့မှာ ဈေးကောင်းရပြီး တွက်ခြေကိုက်သဖြင့် "ကျွန်မတို့တော့ ဒီနှစ် ပထမရာသီအကုန်ကို မနားတော့ဘူး၊ နှစ်ရက်ခြစ် တစ်ရက်နားပြီး ပုံမှန်အစေးခြစ်နေကြောင်း" ခြံရှင်တစ်ဦးကပြောသည်။

လွန်ခဲ့သော ၆ နှစ်တာအတွင်း အမြင့်ဆုံးဈေးကို ပြန်လည်ရရှိနေသဖြင့် ရော်ဘာလုပ်ငန်းတစ်နိုင်တပိုင်လုပ်ကိုင်နေသူများမှာ တွက်ခြေ ကိုက်ကြောင်းသိရသည်။

ခတ္တာ(ရေဖြူ)