လှိုင်းဘွဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

လှိုင်းဘွဲ  ဇွန် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကရင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေ(၂၀၂၃)ခုနှစ်အား ပြုစုထားရှိပြီးဖြစ်၍ ဥပဒေနှင့်အညီ ငါးလုပ်ငန်းစီမံခန့်ခွဲမှုများကို ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ကြသည့်အနေဖြင့် ငါးသယံဇာတထိန်းသိမ်းရေး  အသိပညာပေး  လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကရင်ပြည်နယ်၏ ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၂၆ အရ ငါးရစ်၊ငါးသန်ရာသီ(မေ၊ဇွန်၊ဇူလိုင်လ)အတွင်း ငါးဖမ်းခြင်း၊ အဆိပ်အတောက်/ဓါတုပစ္စည်းများအသုံးပြု၍ငါးဖမ်းခြင်း၊၃/၄လက်မထက်သေးငယ်သောပိုက်ကွက်ဖြင့် ငါးဖမ်းခြင်း၊ ဘတ္ထရီရှော့တိုက်၍ ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းအသုံးပြု၍ ငါးဖမ်းခြင်းများ မပြုလုပ်ကြရန်သတိပေးတားမြစ်ချက် ဆိုင်းဘုတ်များကို    ကျေးရွာနေပြည်သူများ သတိပြုကြစေရန် ကျေးရွာ အဝင်အထွက်လမ်းများ၌ ကပ်ထားပေးခဲ့ကြသည်။

ထို့နောက် ကမော့ကချူးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးက  ကျေးရွာနေပြည်သူများအား  ပြုစုထားဆဲ ကရင်ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေ၏  ရည်ရွယ်ချက်များ၊ တားမြစ်ငါးဖမ်းကာလ၊ တားမြစ်ကန့်သတ်ထားသော ငါးဖမ်းနည်းစနစ်များ၊   ဘတ္ထရီရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြု၍ ငါးဖမ်းခြင်း၊ အဆိပ်ဖြင့်ငါးဖမ်းခြင်းတို့၏ ဆိုးကျိုးများနှင့် အရေးယူခံရနိုင်သည့်ပြစ်ဒဏ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် တက်‌ရောက် လာကြသူများအား ငါးသံယံဇာတ ထိန်းသိမ်းရေး  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)