ဟုမ္မလင်း ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးရာသီဖြစ်ပွားသောသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် ၅ အခြေခံပညာမူလတန်းကျောင်း၊ CCDC ပုဂ္ဂလိက ကျောင်းနှင့် နောင်ပကျစ်တောင်ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များ၊ ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး ခြင်ပေါက်ပွားနိုင်သည့် ရေကန်များ၊ ရေသိုလှောင်ကန်များ၊ အိမ်သုံးပစ္စည်းများ၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ကြသည်။
ဟုမ္မလင်းမြို့နယ်တွင် စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့်ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးခြင်းများကို သတ်မှတ်ရက်အလိုက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)