ဘိုကလေး ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၁၀၂၇) ဦးရှိပြီး အောင်မြင်သူ (၇၃၈)ဦးရှိသည့်အနက် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၃၁၀)ဦးရှိရာ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စုမှ မြို့နယ်ဂုဏ်ဆောင် (၆)ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းသူအောင်ထံသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ ယနေ့နံနက်(၉)နာရီတွင် သွားရောက်ပြီး ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။မင်္ဂလာပါ သားရေ၊ ပထမဆုံးအနေနဲ့ သားရဲ့ အမည်နဲ့ သားတက်ရောက်ခဲ့သည့် ကျောင်းအမည်ကို မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ သားရဲ့ အမည်ကတော့ မောင်ဟိန်းသူအောင် ဖြစ်ပါတယ်။ ၂၀၂၂-၂၃ ပညာသင်နှစ် အတွက် သားတို့ရဲ့ မြင်းကကုန်းကျေးရွာမှာရှိတဲ့ ထွန်းတောက်အောင် ကိုယ်ပိုင် ဘာသာရပ်သင်တန်းကျောင်းမှာ တက်ရောက်ပညာဆည်းပူးပြီး ပြင်ပဖြေစနစ်နဲ့ပဲ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်ခင်ဗျာ။
မေး။ ။ သားဝင်ရောက် ဖြေဆိုခွင့်ရခဲ့တဲ့ စာစစ်ဌာန၊ ဝင်ရောက်ဖြေဆိုခဲ့သော ဘာသာတွဲနှင့် သားရဲ့ခုံအမှတ်လေးကို ပြောပြပါဦး။
ဖြေ။ ။ ဟုတ်ကဲ့၊ ဝင်ရောက်ဖြေဆိုခဲ့တဲ့ စာစစ်ဌာနကတော့ မြင်းကကုန်းစာစစ်ဌာနပဲ ဖြစ်ပါ တယ်။ ဝင်ရောက်ဖြေဆိုခဲ့သည့် ဘာသာတွဲက အတွဲ(၇) ဘာသာတွဲဖြစ်ပြီး ခုံအမှတ် ကတော့ အဘက-(၃) ဖြစ်ပါတယ်။
မေး။ ။ယခုလို (၆)ဘာသာဂုဏ်ထူးပါရှိအောင် သားကြိုးပမ်းဆောင်ရွက်ခဲ့ပုံလည်း မျှဝေပေး ပါဦး။
ဖြေ။ ။သား ငယ်စဉ်ကတည်းက သားရဲ့ရည်ရွယ်ချက်တွေ ပြည့်စုံအောင်၊ ဘဝတက်လမ်းတွေ ခိုင်မာဖို့အတွက် သားရဲ့မိဘ(၂)ပါးက ပညာကို ကြိုးစားသင်ယူရမယ်ဆိုပြီး ဆုံးမထားရှိခဲ့ပါ တယ်။
သားကိုယ်တိုင်လည်း အောင်မြင်ချင်စိတ်၊ ရည်မှန်းချက်တွေ ပြည့်စုံချင်တဲ့စိတ်ရှိတဲ့ အတွက် ဆရာ/မတွေရဲ့ သင်ကြားပြသမှုတွေ၊ မိဘတွေရဲ့ ပံ့ပိုးမှုတွေကို ခွန်အားအဖြစ် လက်ကိုင်ဆုတ်ပြီး မဖြစ်မနေ ထူးချွန်စွာ အောင်မြင်ရမယ်၊ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားသင်ယူပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အကောင်းဆုံးပြင်ဆင်ပြီး ဝင်ရောက် ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ယခုလို ထူးချွန်စွာ အောင်မြင်ခဲ့ပြီးနောက် သားရဲ့ ရင်တွင်းစကားသံနှင့် အတူ သားရဲ့ ရည်မှန်းချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ထူးချွန်စွာ အောင်မြင်ခဲ့တဲ့အတွက် သားရဲ့ရည်မှန်းချက်တွေ ပြည့်စုံခွင့်ရတော့မယ် ဆိုတာ ခံစားရမိနေပါတယ်။ ဘဝရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက် ဖြစ်ချင်ပြီး ဆရာဝန်ဖြစ်ပြီးတဲ့အခါမှာ နွမ်းပါးတဲ့ ပြည်သူတွေနဲ့ ကျန်းမာရေးအသိနည်းပါးကြသော ကျေးလက်နေပြည်သူတွေကို စေတနာထားပြီး ဆေးဝါးကုသပေးချင်တာဟာ ငယ်စဉ် ကတည်းက သားရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
မေး။ ။ အရမ်းကောင်းတဲ့ ရည်မှန်းချက်ပါပဲသားရေ။ ဒါဆိုရင် သားယခု ထူးချွန်စွာ အောင်မြင်ပြီး တဲ့ နောက်ပိုင်းမှာ သားဆက်လက်လျှောက်လှမ်းမဲ့ ဘဝပုံစံ (Life Style)ကို ပြောပြ ပေးပါဦး။
ဖြေ။ ။ဆက်လက် လျှောက်လမ်းမှာကတော့ ဆရာဝန်ကြီး တစ်ယောက်ဖြစ်ဖို့ ဆေးတက္ကသိုလ် ဆက်လက်တက်ရောက် သင်ကြားသွားမှာ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ သားဘဝ အတွက် ဝမ်းစာပြည့်ဝစေဖို့ ငယ်စဉ်ကတည်းက ဝါသနာပါတဲ့ စာဖတ်ခြင်းကိစ္စကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ယခုလို ထူးချွန်စွာ အောင်မြင်ခဲ့တဲ့အတွက် ကျေးဇူးတင်ထိုက်သူတွေကိုလည်း ကျေးဇူး တင်စကား ပြောပေးပါဦး။
ဖြေ။ ။ ယခုလို ထူးချွန်စွာ အောင်မြင်ဖို့အတွက် ငယ်စဉ်ကတည်းက လိုအပ်သမျှ ဆုံးမ၊ ပံ့ပိုးပေးခဲ့သော သားရဲ့ လက်ဦးဆရာ မိဘ(၂)ပါးကို ဦးစွာ ကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ အခြေခံပညာကျောင်းမှ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးခဲ့တဲ့ ဆရာ/မများ၊ ထွန်းတောက်အောင် ဘာသာရပ်သင်တန်းမှ ဦးဆောင်ဆရာမ ဒေါ်စန်းစန်းဝင်းနှင့် ဘာသာရပ်ဆရာ/မများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဂုဏ်ထူး တွေပါလို့ ဝမ်းသာ၊ အားပေးကြတဲ့ သူငယ်ချင်းတွေ၊ မေမေ၊ ဖေဖေတို့ရဲ့ မိတ်ဆွေတွေကို လည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ယခုလို သားကို လာရောက် တွေ့ဆုံမေးမြန်းပေးတဲ့ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဘိုကလေးမြို့နယ်အနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း (၇၁.၈၆)ရာခိုင်နှုန်းရှိပြီး (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၄၀)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၇၆)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၇၈)ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တွေ့ဆုံမေးမြန်း- ဒေါ်သီတာအောင်