ကလေးဝ ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇွန်လ (၂၆) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို နံနက် ၁၁ နာရီက အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးပျက်စီးခြင်းနှင့် ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေသော ဇွန်လ (၂၆) ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
သက်ဟန် (ကလေးဝ)