လွိုင်ကော် ဇွန် ၁၂
ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ချိကယ်)တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)ကို ဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်သည် ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ အမြန်ဆုံးလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ၊ အကြီးစားစက်မှုလုပ်ငန်းများစသည့် ကုန်ထုတ်လုပ်မှုများသည် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေပြီး ပြည်နယ်တွင်းစားသုံးမှုကိုလည်း ဖူလုံတိုးတက်မြင့်မားလာစေမည်ဖြစ်ရာ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပြုစုပျိုးထောင်ပြီး နိုင်ငံတော်နှင့်ပြည်နယ်၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများက ဆရာ့ကျင့်ဝတ်နှင့်အညီ သင်ကြားပို့ချပေးကြပြီး ကျောင်းသား၊ ကျောင်းသူများကလည်း တပည့်ကျင့်ဝတ်နှင့်အညီ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာမှတ်သား သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်) ကျောင်းသား၊ ကျောင်းသူများအတွက်လည်းကောင်း ၊ ကျောင်းတွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက်လည်းကောင်း ထောက်ပံ့ငွေများပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးက ကျောင်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်ကြားပို့ချမည့် စိုက်ပျိုးရေးဘာသာရပ်နှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက သင်ကြားပို့ချမည့် မွေးမြူရေးဘာသာရပ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
၄င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ပြီး ကျောင်းစာသင်ခန်းများ ၊ ကျောင်းပရိဝုဏ်အတွင်း ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး စိုက်ခင်းများနှင့် မွေးမြူရေးခြံများ အားလှည့်လည် ကြည့်ရှုခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)တွင် သတ်မှတ်ပညာအရည်အချင်း ပြည့်မီသည့် စိုက်ပျိုးရေးဘာသာရပ်ကို သင်ကြားမည့်ကျောင်းသား ၊ ကျောင်းသူ(၃၀)ဦး၊ မွေးမြူရေးဘာသာရပ်ကို သင်ကြားမည့် ကျောင်းသား/ကျောင်းသူ(၁၆)ဦး၊ စုစုပေါင်း(၄၆)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)